ဘုရားရှင်၏ ခမည်းတော် ပုဏ္ဏား
- Get link
- X
- Other Apps
သာကေသမြို့သို့
ဘုရားရှင် ကြွတော်မူစဉ် ဘုရားရှင်၏ ခမည်းတော် ပုဏ္ဏားကြီး
ပရိနိဗ္ဗာန်ပြုရခြင်းကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။
ဘုရားရှင်သည် ရဟန်းအပေါင်းနှင့်တကွ သာကေတမြို့သို့ ကြွတော်မူသောအခါ
သာကေတမြို့မှ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့သည် ဘုရားရှင်ကို
သားဟုခေါ်ဝေါ်၍ အိမ်သို့ပင့်ပြီးလျှင် ချစ်မြတ်နိုးစွာပြုစုလုပ်ကျွေးကြ၏။ သားသမီးများကိုလည်း "သင်တို့၏ အကိုကြီးကို ပြုစုလုပ်ကျွေးကြ"ဟု တိုက်တွန်းကြ၏။အခြားသူများက ဘုရားရှင်ကို ပင့်ဖိတ်လိုလျှင် ပုဏ္ဏားကြီးထံ ပန်ကြား၍
ပင့်ဖိတ်ရ၏။ အခြားသူများက အပင့်အဖိတ်မရှိသောအခါ
ဘုရားရှင်နှင့်နောက်ပါရဟန်းများ သည် ပုဏ္ဏားကြီးအိမ်၌သာ ဆွမ်းဘုဉ်းပေးကြရကုန်၏။ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့သည် ဤသို့ကုသိုလ်ကောင်းမှုပြုရင်း တရားနာကြရသဖြင့် အနာဂါမ်ဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။
ရဟန်းများသည် တရားသဘင်္ဗ စည်းဝေးမိသောအခါ
"ငါ့ရှင်တို့။ ဘုရားရှင်၏ ခမည်းတော်သည် သုဒ္ဓေါဒနမင်းကြီးဖြစ်၍ မယ်တော်သည်
မဟာမာယာဒေ၀ီ ဖြစ်ကြောင်း သိရှိပြီးဖြစ်ပါလျက် ပုဏ္ဏားကြီးသည် ဘုရားရှင်အား
သားဟုခေါ်ဝေါ်၏။ ဘုရားရှင်ကလည်း သည်းခံတော်မူ၏။ အကြောင်းမည်သို့ရှိသနည်း"ဟု
ပြောဆိုနေကြ၏။ဘုရားရှင်သည် တရားသဘင်သို့ ကြွတော်မူပြီးလျှင်
"ရဟန်းတို့၊ ဤပုဏ္ဏားကြီးသည် ရှေးယခင်က ဘ၀ငါးရာတိုင်တိုင် ဆက်လက်၍ ငါဘုရား၏
ခမည်းတော် ဖြစ်ခဲ့၏။ ဘ၀ငါးရာတိုင်တိုင် ဘထွေး ဖြစ်ခဲ့၏။ ဘ၀ငါးရာတိုင်တိုင်
ဘကြီး ဖြစ်ခဲ့၏။ ပုဏ္ဏေးမကြီးသည်လည်း ဘ၀ငါးရာတိုင်တိုင် ဆက်လက်၍ ငါဘုရား၏
မယ်တော် ဖြစ်ခဲ့ဖူး၏။ ဘ၀ငါးရာတိုင်တိုင် မိထွေး ဖြစ်ခဲ့ဖူး၏။
ဘ၀ငါးရာတိုင်တိုင် မိကြီး ဖြစ်ခဲ့ဖူး၏။ ဤသို့ ဘ၀သုံးထောင်တိုင်တိုင်
ဤပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသဖြင့် သူတို့က
သားဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပေသည်" ဟု မိန့်ကြားတော်မူလေသည်။ ဘုရားရှင်သည် ၀ါတွင်းသုံးလပတ်လုံး ထိုပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့၏ ပြုစုလုပ်ကျွေးမှုကို ခံယူတော်မူ၏။ သို့ဖြင့် ၀ါကျွတ်လာသောအခါ ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့သည် အရဟတ္တဖိုလ် မျက်မှောက်ပြုကာ ပရိနိဗ္ဗာန်စံဝင်ကြကုန်၏။ သာကေတမြို့သူမြို့သားတို့သည် ဘုရားရှင်၏ ခမည်းတော် မယ်တော်တို့၏ အလောင်းများကို ပြာသာဒ်မှာတင်၍ စည်ကားစွာလိုက်ပို့ကြ၏။ ဘုရားရှင်သည်လည်း သုသာန်ထိအောင် လိုက်၍ပို့တော်မူ၏။ ရဟန်းတို့သည် ပုဏ္ဏားကြီးနှင့် ပုဏ္ဏေးမကြီးတို့ ပရိနိဗ္ဗာန်ပြုကြသည်ကို မသိကြသဖြင့် သူတို့၏လားရာဂတိကို မေးလျှောက်ကြလေရာ ဘုရားရှင်က ထိုအမေးကို ဖြေကြားရင်း တရားစကား ဟောကြားတော်မူလိုသဖြင့် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။အကြင်သူတို့သည် သူတစ်ပါးကို မညှဉ်းဆဲတတ်ကုန်။ ကာယ ဒွါရ စသည်ဖြင့် အမြဲစောင့်စည်းကြကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ပူဆွေးခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ကြရကုန်၏။
( ဓမ္မပဒ။ ကောဓ၀ဂ် )
- Get link
- X
- Other Apps