လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား
“လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား” တဲ့။ လောကမှာလူတွေ
တွေ့ကြုံနေရတဲ့ လောကဓံဟာ မုန်တိုင်းလိုပြင်းထန်တယ်
မုန်တိုင်းလိုပြင်းထန်နေတဲ့ လောကဓံနဲ့ ကြုံတွေ့တဲ့အခါမှာ
ကြံ့ခိုင်တဲ့စိတ်ထား မရှိဘူးဆိုရင် ပြိုလဲသွားနိုင်တယ်။
လောကဓံ (၈)မျိုး
မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ် မှာ ဟောထားတာ။ ဒါ မြန်မာ ပရိသတ်တွေ လောကဓံ ရှစ်မျိုး ဆိုတာကိုတော့ လူတိုင်းသိကြတယ်။
မြတ်စွာဘုရားက-“လောကဓမ္မာ လောကံအနုပရိဝတ္တ န္တိ” ဟောဒီလောကရဲ့ သဘာဝတရားတွေက လောကနောက် အစဉ်မပြတ် လိုက်နေတယ်တဲ့။ တစ်ခါ အပြန်အားဖြင့်- “လောကော စ လောကဓမ္မေ အနုပရိဝတ္တတိ” လောက, ကလည်း၊ လောက သဘာဝနောက် အမြဲလိုက်နေတယ်လို့၊ လောကသားနဲ့ ဟောဒီလောကရဲ့ သဘာဝတွေဟာ အပြန်အလှန်ဆက်သွယ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော်။ အပြန်အလှန် ဆက်စပ်နေတယ်။
လောကကို ပါဠိစာပေမှာ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လို့ (၃)မျိုး ခွဲတယ်။ သတ္တလောက ဆိုတာ သတ္တ၀ါတွေအားလုံးကို ရည်ညွှန်းပြီးပြောတဲ့စကား။ သင်္ခါရလောက ဆိုတာ သက်ရှိသက်မဲ့အားလုံး ခြုံပြီးခေါ်တာ။ အကြောင်းတရားတွေက ဖန်တီးပြုလုပ်ထားလို့၊ အကြောင်းတရား တွေပေါ်မှာ မှီတည်ပြီးဖြစ်နေတဲ့အရာမှန်သမျှ သင်္ခါရလောက။ သြကာသလောက ဆိုတာသက်ရှိသတ္တ၀ါ တွေ၊ သက်မဲ့အရာတွေ တည်ရှိရာဘုံဖြစ်တယ်။
သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက၊ ဒီလောက (၃)မျိုးထဲမှာအခု လောကဓမ္မသုတ် မှာသုံးထားတဲ့ လောက,က သတ္တလောက- သက်ရှိသတ္တ၀ါတွေကို ရည်ညွှန်းပြီးပြောတယ်လို့ ဒီလိုမှတ် ရမယ်။ သက်ရှိသတ္တ၀ါတွေ ကြုံတွေ့နေရတဲ့ အတွေ့အကြုံ ရှစ်မျိုးရှိတယ်။ အဲဒီ ရှစ်မျိုးက ဘာတုန်းဆိုရင်-
၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ်၊
၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူး၊
၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်၊
၎။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူး၊
၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ်၊
၆။ “ပသံသာ” ချီးမွမ်းခံရတယ်
၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊ အဆင်ပြေတယ်၊
၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး၊ ဆင်းရဲတယ်၊ အဆင်မပြေဘူး၊
ဟော အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ လောကဓံရှစ်မျိုး တဲ့။ လောကမှာ သတ္တ၀ါ တွေကြုံ တွေ့နေ ရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့ ဒီလိုပြောတာနော်။
အဲဒီ သဘာဝရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောက, ကလည်း အဲဒီရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့။ အဲဒီလို အမြဲတမ်း ဆက်သွယ်မှုရှိနေတဲ့၊ မတည်ငြိမ်တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ်တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့က အလုပ်ပဲနော်။
လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ။ မကြုံ တွေ့တဲ့လူ မရှိဘူး။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ။ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပဲလို့ ပြောတာနော်။
အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်ရအောင် လုပ်လို့မရဘူး။ ရပါ့မလား။ အေး လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့ စိတ်ထားရှိအောင် လုပ်ဖို့ပဲ။ ဒါ ကိုယ်လုပ်လို့ ရတာပဲ။ အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ဆိုလိုတယ်။ လူတိုင်း လူတိုင်းတော့ ပြောနေကြတာပဲ။ လောကဓံ, လောကဓံ နဲ့ပြောနေကြတာ။ ထိုလောကဓံနဲ့ ကြုံတွေ့နေရ တဲ့အခါ စိတ်နေစိတ်ထား ဘယ်လိုထားရမလဲဆိုတာသိဖို့ အရေးမကြီးဘူးလား။ အရေးကြီးတယ်။
လောကဓံမုန်တိုင်းများ
အေး လောကဓံနဲ့ ကြုံတွေ့လာလို့ရှိရင် ဘယ်ပုံဘယ်နည်း နှလုံးသွင်းရမလဲဆိုတာဟာ အရေးကြီး ဆုံးပဲတဲ့။ လောကဓံကတော့ ကြုံမှာပဲ။ ကိုယ်လိုချင်တာရတဲ့အခါ ရှိတယ်။ အောင်မြင်တယ်၊ ကြီးပွားတယ်။ လိုချင်တာအကုန်ရတယ်။ လာဘ ဆိုတဲ့ နံပါတ် (၁) လောကဓံကိုပဲကြည့်၊ လူတွေမှာ တစ်စုံတစ်ခုရလိုမှုနဲ့ ကြိုးပမ်းအားထုတ်နေကြရတာ။ အားလုံး လူတိုင်း, လူတိုင်းဟာ ရလိုမှုနဲ့ကြိုးပမ်း အားထုတ်နေကြတယ်။ ဘာကိုရလိုမှု ရှိသလဲဆိုရင် ချမ်းသာသုခ၊ ချမ်းသာပျော်ရွှင်မှုကို ရလိုကြတယ်။ အဲဒီ ချမ်းသာသုခ ကိုရလို၍ ကြိုးပမ်းအားထုတ်နေကြတာ၊ ကြိုးပမ်းအားထုတ်တဲ့အခါ တစ်ခါတစ်ရံကျတော့ ရတယ်။ တစ်ခါတစ်ရံကျ တော့ မရဘူး။ ဒါက အခြေအနေတစ်ခုကို ပြောတာ။
ကဲ စီးပွားရေးတစ်ခု လုပ်တယ်။ ငွေကြေးဓနမြောက်မြားစွာ ရချင်တယ်။ အလုပ်အကိုင်ကောင်း တွေရှာတယ်၊ ကြိုးပမ်းအားထုတ်တယ်။ အားထုတ်တိုင်း တစ်ခါတစ်လေကျတော့ မရဘူး။ တစ်ခါတစ်လေ ကျတော့ ရတယ်။ တစ်ခါတစ်လေကျတော့ ဆုံးရှုံးမှုနဲ့တောင် ကြုံရသေးတယ်။
အေး ရတဲ့အခါရှိသလို မရတဲ့အခါရှိတယ်။ ဘာပဲဖြစ်ဖြစ် ရချင်လို့ ကြိုးပမ်းတာ။ ရချင်လို့ကြိုးပမ်းလို့ ရလာလို့ရှိရင် လူရဲ့စိတ်က ဘယ်လိုတုန်းဆိုရင်၊ ရချင်တာရလို့ရှိရင် မပျော်ကြဘူးလား။ အေး ကလေးလေးတွေဆိုရင် ကြည့်လေ၊ သူတို့လည်း လောကဓံ ခံရတာပဲ။ သူတို့ရချင်တာလေး ရပြီဆိုရင် ပျော် တာပဲ။ အဲဒီပျော်တာလည်း လောကရဲ့ သဘာဝတရား မုန်တိုင်းနဲ့ တိုက်လိုက်လို့ သူဟာလှုပ်သွားတယ်လို့ ခေါ်တယ်။
အေး လူတွေက အဆိုးလောကဓံနဲ့ ကြုံပြီဆိုရင် ညည်းကြတယ်။ “လောကဓံနဲ့ကြုံလို့၊ လောကဓံ နဲ့ကြုံလို့” ဆိုပြီးတော့ညည်းကြတယ်။ ကောင်းတာလေးနဲ့ တွေ့ပြီဆိုရင် မှိန်းနေတာ၊ လောကဓံမှန်းတောင် မသိဘူး။ ပြောလည်း မပြောတော့ဘူး။ ဟုတ်လား။ အောင်မြင်ကြီးပွားနေရင် လောကဓံ လို့မထင်ဘူး။ အဲဒါကလည်း လောကဓံပဲ။ အေး အောင်မြင်ကြီးပွားနေလို့ စိတ်ကလေးက လှုပ်ရှားပြီးတော့ မာန်မာနတွေ တက်ကြွပြီး ပျော်လို့, ရွှင်လို့ ဒီလိုဖြစ်နေတာလည်း ဒါလောကဓံလို့ခေါ်တယ်။ လောကဓံကိုမခံနိုင်ဘူး။ ကြံ့ခိုင်တဲ့စိတ်ထား မရှိဘူးလို့ပြောရမယ်။
အောင်မြင်ကြီးပွားမှု ရလာလို့ရှိရင် ဘာဖြစ်သလဲ?။ အောင်မြင်ကြီးပွားမှု ရလာရင် စိတ်ဓာတ်တက်ကြွမှုတွေ၊ မာန်မာနတွေ ဖြစ်လာတယ်။ စိတ်ဓာတ်ဟာ တသမတ်တည်း တည်ငြိမ်နေတာမျိုး မဖြစ်ဘူး။ အေး “ငါလိုလူ ဇမ္ဗူရှိသေးလား” လို့ထင်တယ်။ လုပ်ချင်တာတွေ အကုန်လုပ်တယ်၊ ကိုယ်ရချင် တာတွေ အကုန်ရပြီး ပျော်လိုက်တာ၊ ဟော စိတ်ဓာတ်တွေတက်ကြွ၊ ဘယ်သူ့ကိုမှတောင် လူမထင်ဘူး။ ကိုယ်လုပ်ချင်တာ အကုန်ရတယ်” ဆိုပြီး လာဘလောကဓံ ရလာပြီဆိုရင် မောက်မာလာတယ်၊ တက်ကြွ လာတယ်၊ ခြေဖျားထောက်လာကြတယ်။ ဒါလောကဓံ မခံနိုင်တာလို့ ခေါ်တယ်။ ဒါပေမယ့် အများစုက ရတာကို လောကဓံလို့ မထင်မှတ်ကြဘူး။
အေးကောင်းပြီ။ လိုချင်တာတွေ မရဘူး။ ကလေးလေး မုန့်တောင်းတယ်၊ မရဘူး။ ဘာဖြစ်လဲ?၊ ငိုတယ်။ အဲဒီကလေးလေးငိုတာ ဘာလို့ငိုတာတုန်း။ မုန့်မရလို့ငိုတာ။ ဟော လူကြီးတွေကျတော့ တစ်စုံ တစ်ခု ပျက်စီးဆုံးရှုံးပြီဆိုရင် စိတ်ဓာတ်တွေ ကျလာတယ်။ ဒါလောကဓံပဲ။ ကိုယ်လိုချင်တာ မရတော့ဘူး ဆိုရင်၊ စိတ်ဓာတ်တွေ ညှိုးငယ်ပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်သွားတတ်တယ် နော်။ ဒါလောကရဲ့ သဘာဝအတိုင်း ဖြစ်တာကို စိတ်ကလိုက်ပြီးတော့ လှုပ်ရှားတာ။ မုန်တိုင်းဒဏ်ကို မခံနိုင်သလိုပဲတဲ့။
ရတယ်ဆိုတာလည်း မုန်တိုင်းပဲ။ မရဘူး ဆိုတာလဲ မုန်တိုင်းပဲ။ ကိုယ့်စိတ်ကိုလာတိုက်ခိုက်တာ တွေချည်းပဲ အကုန်လုံး။ အဲဒီ တိုက်ခိုက်လာတဲ့ အခါမှာရလာတဲ့ “လာဘ” ဆိုတဲ့ လောကဓံ တိုက်ခိုက် လည်း မာန်မာနတွေ မတက်ကြွဖို့။ “အလာဘ” မရဘူးဆိုတဲ့ လောကဓံက လာတိုက်ခိုက်ရင်လည်း စိတ်ဓာတ် မတုန်လှုပ်ဖို့၊ စိတ်ဓာတ်မကျဖို့၊ အဲဒီလို တည်ငြိမ်တဲ့စိတ်ထားကို ထိန်းထားနိုင်ပြီဆိုမှ ကြံ့ခိုင်တဲ့ စိတ်ထားဖြစ်တာနော်။
မုန်တိုင်းတိုက်လာပြီ ဆိုလို့ရှိရင် သစ်ပင်ကြီးတွေဟာ ယိမ်းထိုးနေကြတာပဲ။ ဘာဖြစ်လို့တုန်းဆိုရင် အတိုက်မခံနိုင်တာ၊ သာမန်လေကလေး တိုက်ရင်ကို သစ်ခက်တွေက သစ်ပင်တွေက လှုပ်ရှားလာတယ်။ သိပ်ကြီးမားတဲ့ လေကြီးတွေ တိုက်လာပြီဆိုရင်တော့၊ သစ်ပင်ဟာ အမြစ်ကထောင်ပြီးတော့ လဲသွားတယ်။
လူတွေလည်းအတူတူပဲ။ လာဘ ဆိုတာကနည်းနည်းလာတာက တစ်မျိုး၊ အများကြီး ရတာကတစ်မျိုး။ “မုန်တိုင်းလိုပဲ”။ ပြင်းထန်တာလည်း ရှိသလို၊ မပြင်းထန်တာလည်း ရှိတယ်နော်။ ဥပမာ လေး,ငါးသိန်း ရတာနဲ့ သိန်းပေါင်းတစ်ထောင် ရတာနဲ့မတူပြန်ဘူး။ အဲလို လာဘ-ရတဲ့အခါ။ အဲဒီလို သိန်း တစ်ထောင်လောက်ရတဲ့အခါ၊ပိုပြီးတော့ တိုက်ခိုက်မှုက ပြင်းထန်တယ်လို့ပြောရမယ်။
အေး သစ်ပင်တစ်ပင်ဟာ ကြံ့ခိုင်မှု အားနည်းလေလေ၊ မုန်တိုင်းဒဏ် ခံရလေလေ၊ နောက်ဆုံး မခံနိုင်တော့ ဘာဖြစ်သွားသလဲ ? ပြိုလဲသွားတယ်။ကျောက်သားအပြည့် ရှိနေတဲ့ တောင်ကြီးတွေကျတော့ လေမုန်တိုင်း သေးသေးတိုက်လည်းမလှုပ်ဘူး။ ပြင်းပြင်းထန်ထန်တိုက်လည်းမလှုပ်ဘူး။
မြတ်စွာဘုရားက လောကဓံနဲ့ ပတ်သက်လာလို့ရှိရင် အဲဒီကျောက်အတိပြီးတဲ့ တောင်ကြီးလို ကြံ့ခိုင်တဲ့ စိတ်ထားမျိုးရအောင် မွေးရမယ်လို့ ဟောတာနော်။လောကဓံကို ရှောင်ကွင်းရမယ်လို့မဟော ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး၊ လောကဓံကို ရှောင်ကွင်းနိုင်တဲ့လူလည်းမရှိဘူး။ လောကကြီးက ထွက်ပြေး လို့လည်းမရဘူး။ တချို့ကထင်တယ် လောကဓံနဲ့တွေ့လို့လောကကြီးကထွက်ပြေးရင် လွတ်မြောက်သွား မယ်။အဲဒီအတွေးမျိုး တွေးတဲ့သူက ဘာပြောသလဲဆိုရင် “သေ , အေးတာပဲ” လို့ပြောကြသေးတယ်နော်။ ဘယ်အေးမလဲ ၊ သေတဲ့နောက်မှာ ပိုဆိုးဦးမယ်။
အခုရရှိထားတဲ့ လက်ရှိဘ၀လေးက ဘုရားမှန်း , တရားမှန်း , သံဃာမှန်း သိသေးတယ်။ တရားအားထုတ်လို့ရသေးတယ်။ သေသွားပြီးတဲ့နောက် ဘယ်ရောက်မှန်းလည်း မသိဘဲနဲ့၊ ဘယ်လိုလုပ် အေးမလဲနော်၊ မအေးနိုင်ဘူး။ နောက်ဘ၀ပိုပြီးတော့ စိတ်မအေးရသေးတယ်။ ဘာဖြစ်လို့ စိတ်မအေးရ သလဲ?။ Warranty မှမရှိသေးတာပဲ။ ကိုယ့်မှာ Warrantry ရှိနေသေးရင် တော်သေးတာပါနော်။ အေး ဒါကြောင့်မို့လို့ ကိုယ်လုပ်ရမယ့် အလုပ်က ဘာတုန်းဆိုရင် စိတ်ဓါတ်ကြံ့ခိုင်အောင်လုပ်ဖို့ပဲ။
ကြံ့ခိုင်သည့် စိတ်ထား
ကြံ့ခိုင်အောင် ထားဖို့ဆိုတာ ဘယ်လိုနည်းနဲ့ထားရမလဲ။ ကြံ့ခိုင်အောင်ထားတဲ့နည်း မြတ်စွာ ဘုရားက အဲဒီသုတ္တန်မှာ ပေးထားတယ်။ ကြံ့ခိုင်အောင်ထားတဲ့နည်းက ဘယ်လိုတုန်း?။ တစ်စုံတစ်ခု ကိုယ်ကြိုးပမ်းအားထုတ်လို့ ရလာပြီ။ လာဘဆိုတဲ့ လောကဓံနဲ့ ကြုံတွေ့လာပြီ။ တစ်စုံတစ်ခု ကြိုးပမ်း အားထုတ်လို့မရဘူး၊ ဆုံးရှုံးနစ်နာမှုတွေနဲ့ ကြုံလာတယ်၊ အလာဘ ဆိုတဲ့ လောကဓံနဲ့ကြုံလာတယ် ဆိုရင် အခုအခံ နှလုံးသွင်းတရားနဲ့ မြတ်စွာဘုရားက စဉ်းစားဆင်ခြင်ဖို့ နည်းပေးတယ်။
ဘယ်လိုစဉ်းစားရမလဲ?။ သြော် ငါလိုချင်တာတော့ရပြီ၊ ရလာတာဟာ ထာဝရလား?။တစ်ခဏလား? စဉ်းစားလိုက်တဲံအခါ အဖြေပေါ်လာတယ်။ “လောကမှာ ထာဝရဆိုတာ ဘယ်ဟာမှ မရှိဘူး၊ တစ်ခဏလေး တွေချည်းပဲ”၊ ဟုတ်လား။ “အေး၊ ငါလိုချင်တာရလာပြီ၊ လာဘဆိုတာ အောင်အောင်မြင်မြင် ငါရလာပြီ။ ငါရ လာတဲ့ လာဘဟာ တခဏပဲ?။ ထာဝရ မဟုတ်ဘူး။ အနိစ္စ-မမြဲတဲ့သဘော။ ၀ိပရိဏာမဓမ္မ။ ရလာတဲ့ အခြေအနေ တစ်ခုကနေ မရဘူးဆိုတဲ့ အခြေအနေတစ်ခု ပြောင်းလဲသွားနိုင်သေးတယ်။ ‘အညထာဘာဝ’ တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်သေးတယ်။ ငါထင်တဲ့အတိုင်း မဖြစ်နိုင်ဘူး။ ဟောဒီလိုတွေးပေးပါတဲ့။
သာမန် ပုထုဇဉ်ပုဂ္ဂိုလ်တွေက အဲဒီလို မတွေးဘူးတဲ့၊ မတွေးဘူးဆိုတော့ သူကရလာတဲ့ လာဘ ဆိုတဲ့ လောကဓံနဲ့ကြုံလိုက်တာနဲ့ တစ်ပြိုင်နက် ဘာဖြစ်သွားလဲဆိုရင် “ အေး ငါလိုလူ ဇမ္ဗူမှာရှိသေးလား” ဆိုပြီးတော့ မြောက်ကြွ , မြောက်ကြွနဲ့ မာန်မာနတွေ ဖြစ်လာလိုက်တာ အလွန်ပဲ။ ရတာက်ု အကြောင်းပြုပြီး တော့ မာန်မာနတွေ တက်လာတယ်။ စိတ်ဓါတ်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး သုံးလိုက်၊ဖြုန်းလိုက်နဲ့ ရလိုက်တာတွေ ကုန်သွားပြန်တယ်။ နောက်ဆုံးမှာ မရတဲ့၊ ဘာမှမရှိတဲ့ အခြေအနေတစ်ခုကို ပြန်ရောက် သွားပြန်ရောနော်။
အေး မရတဲ့အခါကျတော့လည်း မစဉ်းစားဘူး၊ “ ငါ့ကံနှယ် ဆိုးလိုက်ပါဘိတော့တယ်” လို့ ဒီလို တွေးပြန်တယ်။ ‘ ငါ့ကံကိုဆိုးတာ ၊ ကံဆိုးလို့ လောကကြီးမှာ မနေတာကောင်းပါတယ်’ ဆိုပြီး၊ ဟော နောက် ဆုံး ကိုယ့်ကိုယ်ကို သတ်သေတာတို့ ၊ ရင်ထုမနာဖြစ်ပြီး ငိုတာတို့ ၊ စိတ်ဓါတ်တွေကျနေတာတို့၊ အဆိပ်သောက်တာတို့ဖြစ်ဘူးလား?။ လောကမှာ ကြုံတွေ့ရတဲ့ သဘာဝ တရားတွေအပြင် သူတို့က ထပ်ဆင့်ပြီးတော့ ဒုက္ခတွေကို ဖြစ်စေပြန်တာပဲ။
အဲဒါကြောင့် မြတ်စွာဘုရားက စဉ်းစားတဲ့။တစ်စုံတစ်ခု အောင်မြင်မှုကို ရလာလို့ရှိရင်လည်း “ သြော် ဒီရတယ်ဆိုတာ မြဲတဲ့အရာ မဟုတ်ဘူး။ တစ်ခဏလေးသာဖြစ်တယ်။ ပြောင်းလဲသွားနိုင်တယ်။ အခြေအနေတစ်ခု ပျက်စီးသွားနိုင်တယ်။ ငါဘာလုပ်သင့်သလဲ?။ လုပ်သင့်တဲ့အလုပ် လုပ်မှပဲ။ ရလာတာ အတွက် ငါဘယ်လိုအကျိုးရှိအောင် ငါဘယ်လို အသုံးချမလဲ? ။” ဟောဒီလိုစဉ်းစားပါတဲ့။
မရဘူးဆိုလို့ရှိရင်လည်း ဒီလိုပဲစဉ်းစားရမယ်။ အေး “ မရဘူးဆိုတာလည်း တစ်ခဏပဲ။ အခြေအနေ မပေးသေးလို့မရတာ၊ အခြေအနေပေးလာရင် ရမှာပေါ့။ မရလို့ရှိရင် ရှိတာနဲ့ငါရောင့်ရဲရမယ်။ထပ်ပြီး တော့ ကြိုးစားရမယ်။ မရဘူးဆိုတာလည်း နိစ္စ-ထာဝရမဟုတ်ဘူး။ အနိစ္စ-တစ်ခဏမျှသာ ဖြစ်တယ်။ မမြဲတဲ့ သဘောပဲ။ တစ်ချိန်ကျတော့ ပြောင်းလဲလာဦးမှာပဲ” ဆိုပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ပြန်ထိန်းတဲ့။
အဲဒီလိုစဉ်းစားရင် ရလာတာကို အကြောင်းပြုပြီးတော့လည်း မာန်မာနတွေ မဖြစ်ဘူး။ စိတ်ဓါတ် တွေ မတက်ကြွဘူး။ မရတာကိုအကြောင်းပြုပြီးတော့ စိတ်ဓါတ်တွေမကျဘူး။ Depression မဖြစ်ဘူးပေါ့ နော်။ အဲဒါကို ‘ ကြံ့ခိုင်တဲ့စိတ်ထား ’ လို့ပြောတာ။
ဒီစိတ်ထားမျိုးက သူ့ဖာသာသူ အလိုလိုတော့ ဖြစ်လာမှာတော့ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လေ့ကျင့်ရမယ်။ မြတ်စွာဘုရားက “ ဒီလိုစဉ်းစား” လို့စဉ်းစားနည်းကိုပြောတာ။ ဒါ ဒီသုတ္တန်မှာ တစ်ခုဟော ထားတာနော်။ ဒီလိုစဉ်းစားပါလို့။
နောက် စဉ်းစားတဲ့ နည်းကလေးတစ်ခုက ဘယ်လိုတုန်းဆိုတော့ ၊ အေး လာဘ ဆိုတဲ့ ရတဲ့ လောကဓံနဲ့ ကြုံလာတယ်။ အောင်မြင်ကြီးပွားလာလို့ရှိရင် “ အေး အောင်မြင်ကြီးပွားနေတာကို ငါဝမ်းသာ ပြီးတော့ မာန်မာနတွေ တက်ကြွပြီး နေမယ်တိုရင်၊ ဘေးကလူတွေက ငါ့ကို အမြင်ကတ်လာနိုင်တယ်။ တစ်စုံတစ်ခုကို အကျိုးရှိတဲ့ အလုပ်ကိုလုပ်ရမယ်ဆိုတဲ့အသိဥာဏ်တွေလည်း ငါ့မှာရှိမှာမဟုတ်ဘူး။ ဒါကြောင့် ဒါတွေဟာ အထင်ကြီးစရာလည်းမလိုဘူး။ရလာတဲ့အချိန်ကလေးမှာအကျိုးရှိအောင်လုပ်မယ်ဆိုတဲ့ အကျိုးရှိအောင် လုပ်မယ့်နည်းလေးတစ်ခုကို စဉ်းစားဆင်ခြင်ပြီး၊ အကျိုးရှိအောင်ပဲ လုပ်သင့်တယ်”တဲ့။ ဟုတ်လား။
မရလာဘူး ဆိုလို့ရှိရင်လည်း၊ အေး မရလို့စိတ်ပျက်တာဟာ အဖြေမဟုတ်ဘူး။ စိတ်ပျက်နေသည့် အတွက် ရလာမှာလည်း မဟုတ်ဘူး။ ဒါကြောင့် “ ငါ အခြေအနေ မပေးသေးလို့၊ ရနိုင်တဲ့ အနေအထား လေးတွေ ငါ့မှာ မရှိသေးလို့၊ ဘယ်ဘက်က ငါ့မှာ ချို့ယွင်းနေသလဲ” ဆိုတဲ့ ချို့ယွင်းချက်ကိုကြည့်ပြီး အဖြေရှာရမယ်။ မရလာသည့် အတွက်ကြောင့် စိတ်ဓါတ်မကျဘဲနဲ့ အဖြေရှာပြီးတော့ ရအောင် ကြိုးစားတာ၊ ဒါမှန်ကန်တဲ့ နည်းလမ်းတစ်ခုပဲ။
အေး လောကဓံဆိုတာ ကိုယ်လိုချင်တာတွေ ရလာရင်လည်း လောကဓံပဲ။ မရဘူးဆိုတာလည်း လောကဓံပဲ။ လာဘ လောကဓံ နဲ့ အလာဘ လောကဓံ။
ယသ ၊ အယသ
ယသ ၊ အယသ ဆိုတာ လောကမှာ အခြွေအရံတွေနဲ့၊ အပေါင်းအသင်းနဲ့ပျော်ပျော်ပါးပါး ဒီလို နေရတဲ့အလှည့် ရှိတယ်။ တစ်ခါတစ်လေ ကျတော့ မရှိဘူး။ တစ်ယောက်တည်း ငုတ်တုတ် ။ ဒီလိုလည်း ဖြစ်တတ် သေးတယ်နော်။ အခြံအရံများတဲ့အခါ ရှိသလို ၊ အခြံအရံ မရှိတဲ့အခါလည်းရှိတယ်။ အခြံအရံ များလို့ရှိရင်၊ အသိုင်းအ၀ိုင်းများလို့ရှိရင် စိတ်ဓါတ်က တစ်မျိုး ၊ အသိုင်းအ၀ိုင်းမ၇ှိဘူး ၊ တစ်ယောက်တည်း ဘယ်သူကမှ အဖက်မလုပ်ဘူး၊ ကိုယ့်ကို အပေါင်းအသင်းမလုပ်ဘူးဆိုရင် စိတ်ဓါတ်က တစ်မျိုးဖြစ်သွားပြန် တယ်။ အဲဒါ ကြံ့ခိုင်တဲ့စိတ်ထား မရှိလို့ဘဲတဲ့။
အခြံအရံနဲ့ နေလို့ရှိရင် “ သြော် ဒီအခြံအရံတွေ ငါနဲ့အတူတကွ နေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ၊ ကောင်းကျိုးကို ငါဘာလုပ်ပေးရမလဲ”။ သူတို့ရဲ့ ကောင်းကျိုးကို ငါဘာအကျိုးပြုနိုင်သလဲ။ ဟော စဉ်းစား ရမယ်။ အခြံအရံ မဲ့လာပြီဆိုလိုရှိရင် တစ်ယောက်တည်း နေတဲ့အခါကျလို့၇ှိရင် “ သြော် တရားနှလုံးသွင်း ဖို့ငါ့မှာ အချိန်ရလိုက်တာ၊ ငါလုပ်ချင်တာတွေ ကောင်းကောင်းမွန်မွန် လုပ်လို့ရပြီ။” ဟော ဒီလို စဉ်းစားလိုက် လို့ရှိရင် စိတ်ဓါတ်ကျစရာ ရှိပါ့မလား။ မရှိဘူး။
အဲဒီလို မတွေးဘဲနဲ့ “ သြော် ငါ့ဆီဘယ်သူမှ မလာကြဘူး။ ငါတစ်ယောက်တည်း ပစ်ထားတယ် ဆိုရင်၊ စိတ်ထဲမှာဟော lonely ဖြစ်လာတယ်။လူတွေမှာ lonely ဖြစ်လာရင် Depression ဖြစ်ပြန် ရော၊ များသောအားဖြင့် နိုင်ငံခြား တိုင်းပြည်တွေမှာ ဟောဒီ lonely ဖြစ်ပြီးတော့ တစ်ကိုယ်တည်းနေရလို့ Depression ဖြစ်တဲ့သူတွေ အများကြီးရှိတယ်နော်။
မြန်မာပြည်မှာ အဲဒါအဖြစ်နည်းတယ်။ ဘာဖြစ်လို့တုန်းဆိုရင် ဗုဒ္ဓတရားတော်နဲ့ မြန်မာလူမျိုးတွေရဲ့ နှလုံးသွင်းတရားနဲ့ လူတွေရဲ့ အလေ့အကျင့်တွေကြောင့် မြန်မာပြည်မှာ သိပ်ပြီးတော့ lonely မဖြစ်ကြဘူး။
အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဟိုး အနောက်တိုင်းတွေမှာ တကယ် lonely ဖြစ်ကြတာ။ ဘုန်းကြီးတို့ဂျာမဏီသွားတယ်။ အဘွားအို ၊ အဘိုးအိုကြီးတွေ လမ်းမှာ ဈေးခြင်းတောင်းလေး ဆွဲပြီးတော့ သွားနေကြတာတွေ့တယ်။ တစ်ခါတစ်ရံမှာ အဘိုးကြီးနဲ့ အဘွားကြီး နှစ်ယောက် တွေ့ရတယ်။ တစ်ခါတစ်ခါ အဘိုးကြီးတစ်ယောက်တည်းတွေ့တယ်။တစ်ခါတစ်လေ အဘွားကြီး တစ်ယောက်တည်း တွေ့တယ်။ တွေ့တဲ့အခါမှာ သူတစ်ယောက်တည်းဆိုတော့ lonely ဖြစ်လို့ ဘာလုပ်သလဲဆိုရင် ခွေးကလေး မွေးထားတယ်။ ခွေးကလေးနဲ့သွားတယ်။ ခွေးကလေးကို အဖော်ပြုထားတယ်။ လူဆိုတာ တစ် ယောက်တည်း မနေတတ်ဘူး။ တစ်ယောက်တည်းဆိုလို့ရှိရင် လူကကြောက်စိတ်ဝင်တာလည်းဖြစ်တယ်။ ပျင်းတာလည်း၇ှိတယ်။ ဒါသတ္တ၀ါရဲ့သဘောပဲ။တစ်ယောက်တည်းနေရင်ပျင်းတယ်။
လူမပြောနဲ့ ဗြဟ္မာတွေတောင်မှပဲ တစ်ယောက်တည်းနေရရင် ပျင်းလာတဲ့ သဘောရှိတယ်။ ကမ္ဘာကြီး ပျက်သွားပြီး၊ ကမ္ဘာပြန်တည်တဲ့အချိန်မှာ ဗြဟ္မာပြည် ပြန်ပေါ်လာတဲ့အခါမှာ အဦးဆုံး အထက် ဗြဟ္မာဘုံက ဗြဟ္မာတစ်ဦးဟာ ရှေးဦးစွာ ဗြဟ္မာအနေနဲ့ ဖြစ်ပေါ်လာတယ်။ ကမ္ဘာပေါင်း မြောက်မြားစွာ သူတစ်ယောက်တည်းပဲ။ အဲဒီလိုဖြစ်လာတဲ့အခါ သတ္တ၀ါဆိုတာ အပေါင်းအဖော်လေးနဲ့နေချင်တာ။ ကြည့် ဗြဟ္မာကြီးကလည်း အပေါင်းအဖေါ်လေးနဲ့နေချင်တာဆိုတော့၊ သူတစ်ယောက်တည်းနေရတာ ကြာလာတဲ့ အခါ သူ့စိတ်ထဲမှာ ဘယ်လိုတမ်းတလာသလဲဆိုရင် “ အေး ခုအချိန်မှာ ငါ့အဖော်ကလေး ၊ ဘာလေး လာရင် ကောင်းမှာပဲ” ဒီလို စိတ်ထဲမှာ ဖြစ်လာတယ်။
အဲဒီလို စိတ်ဖြစ်လိုက်တဲ့ အချိန်မှာ “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် (သို့မဟုတ်) ထန်းသီးကြွေ ခိုက် ကျီးပျံခိုက်” (အဲ မြန်မာစကားကတော့ “ ထန်းသီးကြွေခိုက် ၊ ကျီးနင်းခိုက်” နဲ့ပြောကြတယ်နော်။ စာထဲမှာပါတဲ့အတိုင်းပြောရင် ၊ “ထန်းသီးကြွေ ခိုက် ကျီးပျံခိုက်” ဆိုတာကအမှန်၊ ထန်းသီးက ကြွေအကျ၊ ကျီးကဖြတ်အပျံ၊ ထန်းသီးကနေ ကျီးကန်းကိုဖိမိပြီးတော့သေတယ်ဆိုတဲ့ဟာပြောတာနော်။ အပေါ်က ထန်းသီးကပြုတ်အကျ၊ ကျီးကအောက်ကဖြတ်အပျံ ကျီးသေသွားတယ်။ အဲဒါမျိုးကိုဆိုလိုတယ်။“ထန်းသီး ကြွေခိုက် ကျီးပျံခိုက်”။ သို့သော် မြန်မာပြည်မှာ ဒီလိုမျိုးအပြောများတာက “ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်”လို့ပြောတယ်နော်။ ကျီးက ထန်းသီးပေါ်တက်နားလို့၊ထန်းသီးက ကြွေကျသွားတယ်လို့ပြော တယ်။ ပါဌိစကားလုံးမှာ “ကာက တာလိယ” ဆိုတဲ့စကားလုံး၇ှိတယ်။ “ကာကတာလိယ” ဆိုတဲ့စကားလုံး ရှိတယ်။ ကာက တာလ။ ကာက ဆိုတာကျီး ၊ တာလဆိုတာက ထန်းသီး၊ အဲဒီကျီးနဲ့ ထန်းသီးလို မရည်ရွယ်ဘဲနဲ့ ၊ မတော်တဆ ဖြစ်သွားတာကို ဆိုလိုတယ်။)
အဲဒီ ဗြဟ္မာကြီးဟာလည်း သူက စိတ်ကူးလိုက်တာ။ “ ငါတစ်ယောက်တည်းဆိုရင် ပျင်းစရာကြီး၊ နောက်တစ်ယောက်ပေါ်လာရင်တော့ ကောင်းမှာဘဲ” လို့ တွေးလိုက်တဲ့အချိန်လေးမှာ ဗြဟ္မာတစ်ယောက် ဘွားကနဲ ရောက်လာတယ်။ ဗြဟ္မာပြည်မှာ တဖြည်းဖြည်းလေး မွေးနေရတာ မဟုတ်ဘူး။ ဥပပတ် ပဋိသန္ဓေအရ ဗြဟ္မာတစ်ဦး ရုတ်တရက် ပေါ်လာ တာ။ ပေါ်လာတော့ သူ့အတွေးလေးထဲမှာ ဘယ်လိုတွေးမိသလဲဆိုတော့ “ကြည့်၊ ငါ့ဆန္ဒအရပေါ်လာတာ၊ ဒါငါဖန်ဆင်းတာ”။ ဟော ဖန်ဆင်းရှင်ဝါဒ အဲဒီကစလာတယ်။ သူအတွေးနဲ့သူ၊ ကိုယ့်အတွေးနဲ့ကိုယ်၊ သူက “သြော် ငါကဒီဗြဟ္မာကို ဖန်ဆင်း လိုက်တာ၊ အဲဒီတော့ ငါဖန်ဆင်းနိုင်သူ၊ အရာခပ်သိမ်းကို ငါမြင်သူ၊ လောက ကြီးကို ကြီးစိုးသူ” ဆိုတဲ့ အတွေးတွေနဲ့ သူ့ကိုယ်သူ အထင်ကြီးသွားတယ်။
အဲ နောက်ရောက်လာတဲ့ ဗြဟ္မာက၊ သူကသက်တမ်းသိပ်ကြာအောင် မနေရဘူး။ မကြာခင် ဗြဟ္မာ ပြည်က စုတေသွားပြီး လူ့ပြည်သွားဖြစ်တယ်။ ဖြစ်လာတဲ့အခါ သမထကျင့်စဉ်တစ်ခုကို အောင်အောင် မြင်မြင်ကျင့်တယ်။ ဘာရသလဲဆိုရင်“ပုဗ္ဗေနိဝါဿ နုဿတိ” အတိတ်ဘ၀ကို သိနိုင်တဲ့၊ ပုဗ္ဗေနိဝါသ အဘိညာဉ်ကိုရတယ်။ သူကပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါ သူဗြဟ္မာ့ပြည်ကလာတယ်ဆိုတာ သွားမြင်တယ်။ ဗြဟ္မာ့ပြည်ကလာတုန်းက အဲ့ဒီမှာ ဗြဟ္မာကြီးတစ်ဦးရှိတယ်ဆိုတာလည်း သူမြင်တယ်။
အဲ့ဒီတော့ သူ့မှာ အယူအဆတစ်ခု ဘယ်လိုပေါ်လာတုန်းဆိုရင် “အဲ့ဒီ ဗြဟ္မာကြီးက ငါမရှိခင် ကတည်းကရှိနေတဲ့ဗြဟ္မာကြီး။ သူကဟိုမှာရှိနေတုန်း ငါကသေရတယ်။ သူသိပ်အသက်ရှည်တယ်။ သူက သေမှာမဟုတ်ဘူး။ ငါပဲသေရတယ်” ဆိုပြီးတော့ အဲ့ဒီလိုတွေးတာကနေပြီးတော့ သူကလူတွေကို တဆင့် ဖြန့်တယ်ပေါ့။ “မဟာဗြဟ္မာဆိုတာ၊ လောကကြီးကိုဖန်းဆင်းတာရှိတယ်။ ငါ့လည်းသူဖန်ဆင်းဆာ။ ငါက အစောကြီးသေရပြီး၊ အခုလူ့ပြည်မှာ လာဖြစ်ရတယ်” ဆိုပြီး သူကနေ လိုက်ဟောလိုက်တာနဲ့ “ထာဝရ ဘုရားဖန်ဆင်းတယ်” ဆိုတဲ့ အယူအဆပေါ်လာတယ်လို့ ဒီဃနိကာယ်ဗြဟ္မဇာလသုတ်မှာ ဒီလိုဟော ထားတယ်နော်။ ဒါ “ထာဝရဘုရား အယူအဆ” ဆိုတာ အဲ့ဒီက အစပေါ့။
“လောကကို ဗြဟ္မာက ဖန်ဆင်းတယ်ဆိုတဲ့ အယူအဆဟာ မတော်တဆပေါ်လာခဲ့တဲ့အယူအဆ တစ်ရပ်ပဲ “ တကယ်ကတော့ သူဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားရာက ဒီအယူအဆတစ်ရပ်ပေါ်လာတယ်လို့ပြောတာ။
အေး ဗြဟ္မာတောင်မှပဲ သူတစ်ဦးတည်း ပျင်းတယ်ဆိုတဲ့ စိတ်ရှိတော့ လောကမှာ လူတွေက အယသ တစ်သောင်တည်း နေရပြီဆို Lonely ဖြစ်လာကြတယ်။ Lonely ဖြစ်လာပြီး Depression ၀င်လာတယ်။ ဟော ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။
နိုင်ငံခြား တိုင်းပြည်တွေမှာ ပိုပြီးတော့ ဆိုးတာပေါ့။ မြန်မာပြည်မှာရှိတဲ့ အဘိုးအဘွားတွေက သားတွေက သားတွေ၊ သမီးတွေ၊ မြေးတွေ၊ မြစ်တွေကနေ ဂရုစိုက်ကြတော့၊ သိုက်သိုက်ဝန်းဝန်းဆိုတော့ ကံကောင်းကြတယ်လို့ပြောရမှာပေါ့။ ဟိုမှာကျတော့အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ သားသမီးတွေနဲ့ Christmas နေ့တို့၊ New Year တို့မှာပဲ ဆုံတွေ့ကြတယ်။ တစ်ချို့ကျတော့ Greeting Card လေး ပို့လိုက်တာနဲ့ပဲ ကျေနပ်နေရတယ်။ တစ်ခါတစ်ရံ အိမ်ပြန်လာတာမျိုးကြုံရတယ်။
အေး အဲ့ဒီ အဘိုးကြီးတွေ လမ်းမှာ တစ်ခါတစ်လေ လဲပြီးတော့ သေသွားတာရှိတယ်။ ခွေးကလေး တစ်ကောင်နဲ့နေတာ ၊ အိမ်ထဲမှာသေနေတာရှိတယ်။ ဒီလိုအမျိုးအမျိုးပဲသူတို့ဆီမှာနော်။ တကယ့်ကို Lonely ဖြစ်တယ်။ အဲ့ဒီလို “အယသ” လို့ခေါ်တဲ့ တစ်ကိုယ်တည်း နေရပြီ၊ အခြံအရံကင်းမဲ့ပြီဆိုရင် လူတွေမှာ စိတ်ဓါတ်ကျသွားတတ်တယ်။
အဲ့ဒီလို စိတ်ဓါတ်မကျအောင် တစ်ယောက်တည်းနေရပြီဆို အကျိုးရှိတဲ့အလုပ် ဘာရှိလဲ ? အကျိုးရှိအောင် ငါဘာလုပ်မလဲ?။ ကိုယ့်မှာ အဖော်ကောင်းတစ်ခု ရှာထားဖို့လိုတယ်။ အဖော်ကောင်းဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် ကမ္မဌာန်းနဲ့နေတယ်၊ တရားနဲ့ နှလုံးသွင်းပြီးနေတယ်။ Lonely မဖြစ်ဘူး။ စိတ်ဓာတ် ထိန်းနိုင်သွားတယ်။
အေး ဒါကြောင့်မို့လို့ အခြံအရံများတယ်ဆိုရင်လည်း ကိုယ့်စိတ်က စဉ်းစားရမှကြ “သူတို့အတွက် ငါဘာလုပ်ပေးရမလဲ” သြော် ငါ့မှာ နောက်လိုက် နောက်ပါတွေ များနေတယ်” ဆိုပြီးတော့ အထင်မကြီးနဲ့ “အခုလို ဖြစ်တာလည်း တစ်ခဏပဲ” ။ နောက်ကျတော့ တစ်ယောက်မှ မရှိတဲ့ အခြေအနေမျိုး ရောက်နိုင်တယ်။ “အခြံအရံများနေတဲ့အခိုက် ငါ သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ” ဆင်ခြင်စဉ်းစားတာ ဒါလမ်းမှန်ကျတယ်။
အခြံအရံကင်းမဲ့သွားပြီ ဆိုလို့ရှိရင်၊ “အေး အခြံအရံ ကင်းမဲ့တယ်ဆိုတာလည်း တစ်ခဏပဲ၊ ထာဝရမဟုတ်ဘူး။ အခြံအရံမရှိတဲ့အချိန်မှာ တရား ဓမ္မ နှလုံးသွင်းချိန်တွေ ငါ့မှာ ပိုရလာတယ်။ စာဖတ်ချိန်တွေ ငါ့မှာပိုရလာတယ်” စသည်ဖြင့် ဒီလို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်စိတ်ကို Lonely မဖြစ်အောင်၊ Depression မရအောင်၊ စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ဆင်ခြင်စဉ်းစားရမယ်။ ဒါ လောကဓံကို ကြံ့ကြံ့ခံတဲ့နည်းတွေပေါ့နော်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရမယ်။
အဲ့ဒီလိုမှ ကြံ့ကြံ့မခံနိုင်ဘူးဆိုရင်၊ အခြံအရံများရင် စိတ်ထားက တစ်မျိုးဖြစ်သွားတယ်။ အခြံအရံမဲ့လို့ရှိရင် စိတ်ထားက တစ်မျိုးဖြစ်သွားပြီးတော့၊ စိတ်ဓါတ်မတည်ငြိမ်မှု ကြံ့ခိုင်မှု မရှိသည့်အတွက်ကြောင့် လောကဓံမုန်တိုင်းတိုက်တိုင်း ယိမ်းထိုးနေတဲ့စိတ်၊ မတည်ငြိမ်တဲ့စိတ်တွေနဲ့ဆိုရင် သူ့ရဲ့ သန္တာန်မှာ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူး။
ကောင်းတဲ့လောကဓံနဲ့တွေ့ရင် စိတ်က သဘောကျ၊ ကျေနပ်တယ်ဆိုတာ အဘိဓမ္မာ သဘောအရ ဘာဖြစ်တာတုန်းလို့ဆိုရင်၊ ဗုဒ္ဓမြတ်စွာက အဲ့ဒါကို အနုရောဓ လို့ခေါ်တယ်။ ဒီအာရုံပေါ်မှာကျေနပ်ပြီး။ လိုက်ရောတာ။ အဲ့ဒီ အနုရောဓ ဆိုတာ ဘာတုန်းဆိုရင် လောဘရဲ့ သဘောပဲ။ လောဘဖြစ်တာ။ ကိုယ်ကြိုက်တဲ့ အနေအထားလေး ရလာလို့ရှိရင်၊ တွယ်တာပြီးတော့ စိတ်ကကျေနပ်နေတာ၊ အနုရောဓ လိုက်လျောတာ လောဘနော်။
အကယ်၍ ကိုယ်မလိုချင်တဲ့ မကာင်းတဲ့ လောကဓံနဲ့ ကြုံပြီဆိုလို့ရှိရင် အဲ့ဒီအနေအထားကို စိတ်က ဆန့်ကျင်လာတယ်။ ဆန့်ကျင်တာကို ၀ိရောဓလို့ ခေါ်တယ်။ အဲ့ဒီ ၀ိရောဓ ဆန့်ကျင်လာပြီဆိုရင် ဘာဖြစ်တတ်တုန်းဆိုရင် ဒေါသဖြစ်လာတယ်။
အဲ့ဒီတော့ ကောင်းတဲ့ လောကဓံနဲ့ ကြုံလို့ရှိရင် လောဘဖြစ်တယ်။ လောဘဖြစ်ရင် စိတ်မငြိမ်မသက်ဖြစ်မယ်။ မကောင်းတဲ့ လောကဓံနဲ့ကြုံလို့ရှိရင် ဒေါသဖြစ်မယ်။ စိတ်မငြိမ်မသက်ဖြစ်မယ်။ အဲဒီတော့ လောဘ၊ ဒေါသ ၀င်လာတာနဲ့တစ်ပြိုင်နက် စိတ်ဓါတ် ကြံ့ခိုင်မှုဆိုတာမရှိတော့ဘူးတဲ့။ လောဘက အရောင်ဆိုးလိုက်၊ ဒေါသကအရောင်ဆိုးလိုက်နဲ့ဆိုပြီးတော့၊ လောကဓံတရားတွေအပေါ်မှာ လောဘနဲ့၊ ဒေါသနဲ့၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်၊ လိုက်လျောလိုက်၊ ဆန့်ကျင်လိုက်နဲ့ လောကဓံရဲ့ဒဏ်ကို ခံနေရတယ်လို့ ပြောတာနော်။ အေး အဲ့ဒီလိုမဖြစ်အောင် ဆင်ခြင်ရမယ်။
နိန္ဒာနဲ့ပသံသာ
နောက်တစ်ခုက ဘာလို့တုန်းဆိုရင် “နိန္ဒာနဲ့ပသံသာ” ချီးမွမ်းခံရတာနဲ့ ကဲ့ရဲ့ခံရတာတဲ့။ လောကလူတွေက ချီးမွမ်းခံရပြီဆိုလို့ရှိရင် ကျေနပ်ကြတယ်။ နှစ်သက်ကြတယ်။ ကဲ့ရဲ့ခံရပြီဆိုလို့ရှိရင် မခံနိုင်ကြပြန်ဘူး။ စိတ်က လှုပ်ရှားမှုက ဒီလိုဖြစ်လာတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ စဉ်းစားပုံ စဉ်းစားနည်းကတော့ အရင်ကနည်းအတိုင်း အတူတူပဲ။ လောကဓံရှစ်မျိုးကို မြတ်စွာဘုရားက စဉ်းစားပုံ၊ စဉ်းစားနည်းကတော့ “အေး ချီးမွမ်းခံရရင်လည်းပဲ တစ်ခဏပါပဲ။ အစဉ်ထာဝရမဟုတ်ပါဘူး။ ကဲ့ရဲ့ခံရရင်လည်းပဲ တစ်ခဏပဲလို့ ဒီလိုစဉ်းစားပြီးတော့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုဆိုတဲ့ လောကဓံမုန်တိုင်းက ကိုယ့်စိတ်ကို လွှမ်းမသွားအောင် သတိထားပြီး ဆင်ခြင်ပါ” လို့ မြတ်စွာဘုရားက ဒီလိုဟောတယ်နော်
လောကဓံမုန်တိုင်းများ နှင့် ကြံ့ခိုင်သည့်စိတ်ထား စာအုပ်မှ ကောက်နှုတ်ချက်