ဖားဘဝလေး

တခါတုံးက အ၀ကျဉ်းကျဉ်း ပုလင်းရှည်ရှည် တစ်လုံးထဲမှာ ဖားသုံးကောင် ရှိသတဲ့...
(ဖားတွေ ဘယ်လိုလုပ်ပြီး အ၀ကျဉ်းကျဉ်းပုလင်းထဲ ရောက်နေတာလဲ မမေးနဲ့... ပုံပြင်လို့မှတ်)
အဲ့ဒီလိုနဲ့ သူတို့တွေ ပုလင်းရှည်ရှည်လေးထဲမှာ အိပ်လိုက် စားလိုက် ခုန်ဆွ ခုန်ဆွ လုပ်လိုက်နဲ့ နေလာလိုက်ကြတာ ကြာလာတော့ ငါတို့ ဒီလို နေလို့တော့ မဖြစ်တော့ဘူး... အခုတလော သူများတွေလည်း Change Change နဲ့ အော်နေကြတာ... ငါတို့လည်း change ကြစို့... တို့ ပုလင်းထက် ပိုပြီး ကျယ်ပြန့်တဲ့ အပြင်လောကကို သွားကြရအောင်ကွာ ဆိုပြီး တစ်ခြား ဖားတွေကို ညှိတဲ့အခါ ဖား ၃ ကောင်လုံး တိုင်ပင်ဆွေးနွေး ဒူးတွေ ပွန်းပြီးတဲ့ နောက်မှာ ပုလင်းထဲက ထွက်မယ်ဆိုတဲ့ အဖြေကို ရသတဲ့...

အဲ့ဒါနဲ့ ဖားသုံးကောင်လည်း ပုလင်းထဲက ထွက်ကြဖို့ လုပ်တော့တာပေါ့... ပုလင်းထဲက ထွက်မယ်ဆိုမှ သူတို့ခန္ဓာကိုယ်နဲ့ ပုလင်းအ၀နဲ့က ကွက်တိဖြစ်နေတာကို အဲ့ဒီကျမှ သွားပြီး သတိထားမိသတဲ့... ထွက်လည်း ထွက်ရော... ပုလင်း လည်ပင်းထဲမှာ သုံးကောင်လုံး ကောင်းကောင်း မလှုပ်နိုင်ပဲ ကြပ်ညပ်နေပါလေရောဗျာ... (ပုလင်းကို မြင်သာအောင် ပြောရရင်၊ သူတို့ ညပ်နေတဲ့ ပုလင်းက ၀ိုင်ပုလင်းလိုမျိုး လည်ပင်းကလည်း ရှည်ရှည် သေးသေးလေးပေါ့...)

အဲ့ဒီမှာ အပေါ်ဆုံးက ဖားကတော့ ငါဒီကြပ်ညပ်တဲ့ ဒဏ်ကို ကြံ့ကြံ့ခံပြီး အပြင်ကို ရအောင်တိုးထွက်နိုင်ရင် လွတ်လပ်တဲ့ လောကကြီးထဲရောက်မှာပဲဆိုပြီး အားတင်းတင်းနဲ့ ကြိုးစားရုန်းကန်သတဲ့... ပုလင်းလည်ပင်းကလည်း ကျဉ်း၊ ဖားခန္ဓာကိုယ်နဲ့ကလည်း အံကိုက်ဆိုတော့ သူ့ခမျာ မနည်းကြီး အားစိုက်ရုန်းကာမှ နည်းနည်းလေးရွေ့ရှာသတဲ့... ဒီလိုနဲ့ တရွေ့ တရွေ့နဲ့ပဲ နောက်ဆုံးတော့ အဲ့ဒီ ဖားက လွတ်လပ်တဲ့ ပြင်ပလောကထဲ ရောက်သွားတော့တာပေါ့...

အဲ... ဒုတိယဖားက ဘာဖြစ်သွားသလဲဆိုတော့... သူက ဒီလို ကြပ်ကြပ်တည်းတည်းနဲ့ အားစိုက်ရုန်းကန်ရတာကိုလည်း မလုပ်ချင်ဘူး... ဒါပေမယ့် ပုလင်းထဲကိုလည်း ပြန်မသွားချင်ဘူး... ဒီတော့ သူက အရှေ့ကိုလည်း အားစိုက်ပြီးတော့ မသွားတော့ဘူး... ရွေ့ချင်လည်း ရွေ့၊ မရွေ့ချင်လည်း နေ ဆိုပြီး မလှုပ်မယှက် နေသတဲ့... သူ့စိတ်ထဲမှာတော့ ငါလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးပြီပဲ... အခြေအနေက မပေးတော့ ဘယ်လွတ်လပ်တဲ့ နေရာရောက်နိုင်ပါ့မလဲ ဆိုပြီး ဖြေသိမ့်နေတယ်... ဒါပေမယ့် ဖားကတော့ နေရာက မရွေ့တော့ဘူး... အပြင်လည်း မရောက်၊ အထဲမှာလည်း မဟုတ်ဘူးပေါ့လေ...
အောက်ဆုံးက ဖားကတော့ ပုလင်းလည်ပင်းထဲမှာ တစ်ခြားဖားတွေ တစ်နေတာ မြင်ကတည်းက သူက ငါတော့ ဆက်တိုးလို့ ရမှာ မဟုတ်ပါဘူးဆိုပြီး အားလျော့ပြီးတော့ အောက်ကို ပြန်ဆင်းသွားတယ်တဲ့... သူကတော့ သူ့ပုလင်းလေးထဲမှာပဲ စားလိုက် အိပ်လိုက် ခုန်ဆွ ခုန်ဆွ လုပ်လိုက်နဲ့ပဲ ကျေနပ်နေတော့တာပေါ့... ငါ့အနေနဲ့ ဒီပုလင်းထဲကထွက်ဖို့ မလွယ်ပါဘူး... ဒီလိုလေးနေရတာ သက်သာတာပဲဥစ္စာ... ဘာလို့ အပြင်ထွက်စရာလိုမလဲလို့ တွေးနေသတဲ့...

ဒီလိုနဲ့ အစက ပုလင်းထဲက ဖားသုံးကောင်ဟာ အပြင်လောကကို ထွက်ဖို့ ကြိုစားရင်းနဲ့ နောက်ဆုံးမှာ နေရာ အသီးသီးကို ရောက်သွားတာပေါ့... အပြင်ရောက်တဲ့ဖားလည်း ရောက်... တစ်နေတဲ့ ဖားကလည်း တစ်နေ... ပုလင်းထဲ ပြန်ဝင်သွားတဲ့ ဖားကလည်း ပြန်ဝင်သွားနဲ့ပဲ ဘ၀ကို ဖြတ်သန်းသွားကြတော့တယ်...

------------- × ------------------- × -----------------------

ပုံပြင်ကတော့ ဒီနေရာမှ ပြီးသွားတယ်ပေါ့... ဒါပေမယ့် ဒီပုံပြင်လေးကို ကြည့်မယ်ဆိုရင် ဖားသုံးကောင်အစား လူသုံး ယောက်ကို အစားထိုး ကြည့်ကြရမှာ...

ကျွန်တော်တို့အားလုံးဟာလည်း ဒီ ပုလင်းထဲက ဖားတွေလိုပါပဲ... တစ်ချိန်ချိန်မှာ လက်ရှိအနေအထားကနေ ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုကို ကူးပြောင်းဖို့ ကြိုးစားကြမှာ အသေအချာပါပဲ...

အဲ့ဒီလို ပြောင်းလဲမယ်ဆိုရင်တော့ ဒီဖားတွေ ရင်ဆိုင်ရသလို ပုလင်းလည်ပင်းကို မလွဲမသွေ ဖြတ်သန်းကြရမှာ... ဒီဖားတွေ ညပ်နေသလို ပုလင်းလည်ပင်းမှာ ညပ်နေဦးမှာ...
ဒါကို Transition Phase လို့ ခေါ်ကြတာပေါ့လေ... လူအတော်များများ၊ နိုင်ငံအတော်များများ၊ အဖွဲ့အစည်းအတော်များများဟာ ဒီလို Transition Phase၊ ပုလင်းလည်ပင်း အခြေအနေကို ကြံ့ကြံ့ခံပြီးတော့မှ လွတ်လပ်တဲ့၊ မြင့်မားတဲ့၊ ပိုမိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိနိုင်ကြတာပါ...

ဖားသုံးကောင်ထဲက ပထမ ဖားလို့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ရှေ့ကို ဆက်တိုးကြရမှာပါ... ဒါမှ အောင်မြင်တဲ့ ပန်းတိုင်ဆီကို လက်ကမ်းနိုင်ကြမှာပါ...

အောင်မြင်တဲ့ နေရာကို ရောက်ရှိဖို့အတွက် သူငယ်ချင်းတို့ အားလုံး ဒီလို ပုလင်းလည်ပင်းအခြေအနေကို ဖြတ်သန်းရတဲ့အခါ အားမလျော့သွားကြဖို့ ဒီပုံပြင်လေးကို သတိရကြပါလို့ ဒီနေရာကနေ ပြောချင်ပါတယ်...

 

Popular posts from this blog

သစ်မွှေးအကြောင်း သိကောင်းစရာ

ငါသေရင်မငိုနဲ့

ဘုရားရှင်၏ ခမည်းတော် ပုဏ္ဏား